Header Ads

  • Breaking News

    သူများကို ဝေဖန်ခြင်းထက် ချီးမွမ်းခြင်းဖြင့် အစားထိုးပါ


    ကျွန်တော်တို့က တခြားလူကို စကားမာတွေနဲ့ ပြောဆိုဆက်ဆံနိုင်ပေမယ့် တခြားလူဆီကနေတော့ နူးညံ့တဲ့တုန့်ပြန့်မှုကို လိုချင်ကြတယ်။ နူးညံ့သိမ်မွေ့တဲ့စကား၊ တည့်မတ်အကောင်းမြင်တဲ့စကားတွေက သံထည်လိုမာကျောတဲ့ နှလုံးသားကိုတောင် အရည်ပျော်စေနိုင်ပါတယ်။
    မိန်းမကြီးတစ်ဦးဟာ သူ့ယောက်ျား အမှိုက်သွန်ပျင်းတဲ့အကြောင်းကိုပဲ ပြောဆိုညည်းတွားနေခဲ့တယ်။ ဒီလိုကိစ္စအသေးအမွှားက သူ့ကိုအမြဲ စိတ်တိုဒေါသထွက်စေပြီး လင်ယောက်ျားကို အိမ်ထောင့်တာဝန် မမျှဝေသူ၊ သူ့ပင်ပန်းတာကို နားမလည်သူဆိုပြီး ဆဲဆိုနေခဲ့တယ်။ အဲဒီလို ဆဲဆိုဒေါသဖြစ်တဲ့အပြင် လင်ယောက်ျားကိုလည်း စကားမခေါ်မပြောပဲနေတယ်။ သူဘယ်လိုစိတ်တိုတို၊ ဘာနည်းနဲ့ပဲ သုံးခဲ့သုံးခဲ့ ယောက်ျားဖြစ်သူ အမှိုက်သွန်ဖို့အရေးကို မလှုံ့ဆော်နိုင်ခဲ့ဘူး။
    ဒီလိုနဲ့တစ်နေ့မှာ သားရဲ့မူကြိုဆရာမက “ရှင့်ယောက်ျားကို ကလေးတစ်ယောက်လို သဘောထားပါ။ ၅နှစ်အရွယ် ကလေးတစ်ယောက်ကို စကားပြောတဲ့ လေသံနဲ့ပြောကြည့်ပါ” လို့ သူ့ကို အကြံပေးခဲ့တယ်။
    ဆရာမရဲ့ အကြံကို မယုံတစ်ဝက် ယုံတစ်ဝက်နဲ့ သူစမ်းသပ်ခဲ့တယ်။ အမှိုက်ကားလာတဲ့အချိန် ဧည့်ခန်းမှာ ခြေချိတ်ပြီး အခန့်သား တီဗီထိုင်ကြည့်နေတဲ့ ယောက်ျားကို လေသံလျော့ပြီး သူပြောလိုက်တယ်။
    “ယောက်ျားရေ… ငါ့ကို အမှိုက်သွန်ပေးနိုင်မလား၊ သွန်ပေးနိုင်ရင် ငါ့ကိုနင် အများကြီး ကူညီလိုက်တာပဲ”
    အမှိုက်သွန်ပြီးပြန်လာတဲ့ ယောက်ျားကို (၅)နှစ်အရွယ်ကလေးတစ်ယောက်ကို ချီးမွမ်းလိုက်သလို သူချီးကျူးလိုက်သေးတယ်။
    “အရမ်းကျေးဇူးတင်တယ်။ ငါ့အပေါ် နင်အရမ်းသိတတ်တာပဲ”
    အဲဒီနောက်မှာတော့ မိန်းမဖြစ်သူဟာ စိတ်တိုဒေါသထွက်၊ မျက်နှာစူပုပ်တဲ့ အပြုအမူတွေ မလုပ်ခဲ့သလို ယောက်ျားဖြစ်သူကလည်း သူ့အသိနဲ့သူ အမှိုက်တွေ ကူသွန်ပေးခဲ့တယ်။ “ကဲ့ရဲ့ဝေဖန်”တာကို “ချီးမွမ်း” တာနဲ့ အစားထိုးတာဟာ အရာရာကို အကောင်းဖက်ပြောင်းလဲစေပါတယ်။
    လူတွေအချင်းချင်း ပြောဆိုဆက်ဆံရာမှာ ကိုယ့်ထင်မြင်ချက်၊ ကိုယ့်အယူတွေကို ရှေ့တန်းတင်ပြီး ပြောဆိုဆက်ဆံတတ်ကြတယ်။ ဒီလိုအခြေအနေမျိုးမှာ ငြင်းခုန်ရန်ဖြစ်ဆိုတဲ့ဘက်ကို အများဆုံး ဦးတည်နေပါတယ်။ လောကကြီးမှာ ကျွန်တော်တို့ အချင်းချင်းလာဆုံကြတယ်။ ချစ်ကြိုက်ကြတယ်။ အပြစ်မြင်တာကို ခွင့်လွှတ်တာနဲ့ အစားထိုးမယ်၊ တစ်ဘက်လူရဲ့ ကောင်းကွက်တွေကို တန်ဖိုးထားမယ်။ ဒါမှ ပျော်ရွှင်ခြင်းသော့ကို သင်မြဲမြဲဆုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။
    Credit : နိုင်းနိုင်းစနေ

    No comments

    Post Top Ad

    Post Bottom Ad