မင်းတုန်းတွင် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တဦး တလင်တမယားဥပဒေဖြင့် ဖမ်းဆီးခံရ
AUG 09,2017
မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းတုန်းမြို့တွင် အသက် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တဦး တလင်တမယားဥပဒေဖြင့် ဖမ်းဆီးခံထားရကြောင်း သတင်းရသည်။
ဖြစ်စဉ်မှာ မြောက်ပြင်တိုက်နယ်အတွင်းနေထိုင်သူ မ၀တ်ရည်သည် ၂၀၁၆ ကျောင်းဖွင့်ရာသီတွင် ဒသမတန်းကို တလခန့်တက်ပြီးချိန်တွင် အင်းလည်ရွာနေ မောင်ကျော်မင်းဆိုသူနှင့် ချစ်ကြိုက်မိပြီး ချိန်းတွေ့ရာမှ အချိန်လွန်ကာ ခိုးရာလိုက်ပြေးခဲ့သည်။ မ၀တ်ရည်မှာ အသက် ၁၇ နှစ်ပင်မပြည့်သေးသည်ကို အကြောင်းပြု၍ သူမ၏မိခင်ဖြစ်သူက မောင်ကျော်မင်းအား အမှုဖွင့်တိုင်တန်းရန် စီစဉ်ခဲ့သည်။ မောင်ကျော်မင်း၏မိဘများက လူငယ်သဘာဝဖြစ်ခြင်းကြောင့် ခွင့်လွှတ်နားလည်ပေးရန် ၎င်းအား နားချခဲ့သည်ဟု ၎င်းကဆိုသည်။
ထိုသို့ဖြင့် တလခန့်ပေါင်းသင်းပြီးနောက် မောင်ကျော်မင်းကို သူ၏ မိဘများက မလေးရှားသို့ အလုပ်လုပ်ရန် စေလွှတ်လိုက်ကြောင်း၊ ၂၀၁၇ ဇူလိုင်လကုန်ထိ တနှစ်ပြည့်ခဲ့သော်လည်း ငွေတသိန်းကို ၅၀၀၀၀ ဆီ နှစ်ခါခွဲပေးခဲ့ရုံမှလွဲ၍ ထောက်ပံ့ခြင်းမရှိခဲ့ဟု ၎င်းက ပြောသည်။
ယောက္ခမအိမ်တွင် ၄ လခန့် ဆက်လက်နေထိုင်ပြီးနောက် မိခင်အိမ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ မိခင်အိမ်တွင်နေထိုင်စဉ် ကျောင်းနေစဉ်ကခင်မင်ရင်းနှီးခဲ့သူ အထက်မီးပေါက်ရွာနေ မောင်တင်ဝင်းထံ အလည်သွားခဲ့ကြောင်း၊ မောင်တင်ဝင်း၏မိခင်မှာ ကျန်းမာရေးမကောင်းသဖြင့် ၎င်းတို့အိမ်တွင် ကူဖော်လောင်ဘက်လုပ်ရင်း နေထိုင်ခဲ့ရာမှ မောင်တင်ဝင်းနှင့်အနေနီးကာ အတူနေဖြစ်ကြကြောင်း၊ မောင်တင်ဝင်းအနေဖြင့် မ၀တ်ရည်တွင် အိမ်ထောင်ရှိသည်ကို မသိရှိကြောင်း ရဲမှတ်တမ်းအရ သိရသည်။
ယခုအခါ မောင်တင်ဝင်းမှာလည်း မယားခိုးမှုဖြင့် အမှုဖွင့်ခံရပြီး မ၀တ်ရည်သည်လည်း အချုပ်ဖြင့် နေထိုင်နေရကြောင်း သိရသည်။ အဆိုပါ အမှုကို ယောက္ခမဖြစ်သူ ဦးအောင်လင်းက ဇူလိုင် ၅ ရက်တွင် တရားလိုပြုလုပ်တိုင်တန်းခြင်းဖြစ်ပြီး မ၀တ်ရည်မှာ ဇူလိုင် ၂၆ ရက်တွင် ဖမ်းဆီးခံခဲ့ရသည်။
ချွေးမဖြစ်သူ မ၀တ်ရည်သည် မိမိ၏သားနှင့်မပေါင်းသင်းနိုင်ဟု ပြောကြောင်း၊ သို့ဖြစ်၍ သားဖြစ်သူနှင့် လူသိရှင်ကြား နှစ်ဖက်မိဘများရှေ့တွင် တရားဝင်ထိမ်းမြားလက်ထပ်ပြီး လင်မယားအဖြစ် ပေါင်းသင်းနေထိုင်ခဲ့၍ သားဖြစ်သူမှာ မလေးရှားတွင် သွားရောက်လုပ်ကိုင်နေချိန်တွင် တရားဝင်ယောက်ျားရှိနေလျှက် အခြားယောက်ျားတဦးနှင့် ပေါင်းသင်းနေထိုင်သဖြင့် မ၀တ်ရည်အား အရေးယူပေးပါရန်ဟု ဦးအောင်လင်း၏တိုင်ချက်တွင် ဖော်ပြပါရှိသည်။
ထန်းထန်း(မဲဇလီ)
(မှတ်ချက် - အမည်လွှဲများသာဖြစ်သည်)
Myanmar Post
Source: News Watch
No comments