Header Ads

  • Breaking News

    သထုံမြို့ ဘုန်းကြီးကျောင်းတွင် ကျောင်းသူ ၁၀ ဦးခန့် သရဲပူးခံရ


    မွန်ပြည်နယ်၊ သထုံမြို့၊ လိပ်အင်းရပ်ကွက်ရှိ ဓမ္မိကာရာမကျောင်းတိုက်မှာ နေထိုင်နေတဲ့ ကျောင်းသူ ၁၀ ဦးလောက်ဟာ  သြဂုတ်လ ၁ ရက်နေ့ ညပိုင်းက သရဲပူးကပ်ခြင်းခံရတယ်လို့ သိရပါတယ်။

    ညနေ ၆ နာရီနောက်ပိုင်း ကျောင်းသူတဦး ဝင်ရောက်ပူးကပ်ခံရပြီးနောက် ဆက်လက်ပြီး ကျောင်းသူ ၁၀ ဦးလောက် ပူးကပ်ခံရတာလို့ ဓမ္မိကာရာမကျောင်းတိုက် ဆရာတော် ဦးဣန္ဒာစာရက မိန့်ပါတယ်။

    “ညပိုင်း ၆ နာရီကျော်လောက်ကနေ တယောက်ကစပြီး ဖြစ်လိုက်တာ ၁၀ ဦးလောက်ဖြစ်သွားတယ်။ သူတို့အားလုံးကဖြစ်တဲ့ လက္ခဏာချင်းတူတယ်။ အသက်ရှူရကြပ်တယ်။ မောတယ်၊ အော်ဟစ်တာတွေဖြစ်တယ်။ သူတို့အပေါ် တက်ဖိထားတယ်လို့ ပြောတယ်။ လည်ပင်းညှစ်တယ်ပြောတယ်။ ကလေးတွေက ကျန်းမာရေးအားလုံး ကောင်းတယ်။ တခုက ကျောင်းမှာနေတဲ့ ကလေးတွေမှာ ယောက်ျားလေးတွေရော မိန်းကလေးတွေရော နေကြတာ။ ယောက်ျားလေးတွေကျတော့ မဖြစ်ဘဲ မိန်းကလေးတွေမှာပဲ ဖြစ်တာ။ ဘယ်လိုဖြစ်မှန်းကို မသိဖြစ်နေတယ်။ ယူဆတာက အမှောင့်ပယောဂ တခုခုကပ်နေတာလားပေါ့။ ဆေးရုံသွားပြတော့လည်း ဘာရောဂါမှ မရှိဘူးလို့ပြောတယ်။ အကောင်းကြီးကနေထဖြစ်တာပါ။ အားလုံးကတစ်ပြိုင်တည်း ဖြစ်တာမဟုတ်ဘူး။ တယောက်ပြီးတယောက်ဖြစ်တာ” လို့ ဆရာတော်က မိန့်ပါတယ်။

    ဖြစ်ပွားတဲ့ ၂ ရက်စလုံးတွင် ညနေ ၆ နာရီနောက်ပိုင်းတွင် ဖြစ်တတ်ပြီး လူတဦးလျှင် အချိန် ၁ နာရီလောက် ပူးကပ်တဲ့အနေထားနဲ့ တွေ့ရှိရပြီး ကျောင်းအတွင်းနေထိုင်တဲ့ သက်တမ်းတလျှောက် တခါမျှ မဖြစ်ဘူးကြောင်း၊ ခုလိုဖြစ်ပွားတဲ့အတွက် ပရိတ်ရွတ်ဖတ်ခြင်း၊ ပဋ္ဌာန်းရွတ်ဖတ်ခြင်း၊ ကမ္မဝါစာရွတ်ဖတ်ခြင်းတွေ ပြုလုပ်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

    ဇူလိုင် ၃၁ ရက် ညနေ ၆ နာရီနောက်ပိုင်းမှာ ကျောင်းသူ ၂ ဦး ယခုကဲ့သို့ဖြစ်ပွားခဲ့ပြီး သြဂုတ်လ ၁ ရက်နေ့ နေ့လယ်ပိုင်းမှာ ကျောင်းသူတဦးက စာသင်ကျောင်းမှာ ထပ်ဖြစ်ပြီး ညပိုင်းတွင် ၁၀ ဦးလောက် ထပ်ဖြစ်ခဲ့ပါတယ်။

    ဓမ္မိကာရာမကျောင်းတိုက်တွင် လွန်ခဲ့သော ၄ နှစ်ခန့်မှ စတင်ကာ အနယ်နယ်အရပ်ရပ်မှ ကရင်၊ ပအိုဝ်း၊ တိုင်းရင်းသား တိုင်းရင်းသူများ၊ ကျောင်းသားကျောင်းသူတွေကို လက်ခံကာ ကျောင်းအိပ်ကျောင်းစားဖြင့် အတန်းပညာသင်ပေးနေတဲ့ ကျောင်းဖြစ်ပြီး ကျောင်းတိုက်မှာ ကျောင်းသား ကျောင်းသူ ၆၉ ဦးလောက် နေထိုင်လျှက်ရှိပါတယ်။

    သတင်း-ယူမင်းစိုး

    ================

    ဒီဗွီဘီ

    No comments

    Post Top Ad

    Post Bottom Ad