ခေါင်းလောင်းအတုလုပ်နေကြောင်းပြောသူများကို မ ကြာခင် အစစ်ဖြင့်သက်သေပြမည်ဟု ဦးစံလင်းတုံ့ပြန်
ဓမ္မစေတီခေါင်းလောင်းအတုပြုလုပ်သည့်စရိတ်သည် ကျပ်သိန်းသောင်းနှင့် ချီကုန်ကျနိုင်ပြီး အတုလုပ်ခြင်းထက် အစစ်ကို ဆယ်ယူခြင်းမှာ ကုန်ကျစရိတ် ပိုမိုသက်သာသောကြောင့် အစစ်ကိုသာ ဆယ်ယူ၍ ပြည်သူလူထုရှေ့မှောက် ချပြသွားမည်ဟု ဓမ္မစေတီခေါင်းလောင်းဆယ်ယူရန် ကြိုးပမ်းနေသူ ဦးစံလင်းကပြောသည်။
ယခုအခါ လူမှုကွန်ရက်စာမျက်နှာအချို့တွင် ဓမ္မစေတီခေါင်းလောင်းနှင့် ပတ်သက်၍ ယခင်က ဓမ္မစေတီခေါင်းလောင်း ရှာဖွေခဲ့သောဦးစံလင်းသည် ဓမ္မစေတီခေါင်းလောင်း၏ပုံစံတူ၊ အလေးချိန်တူ ခေါင်းလောင်းကြီးတစ်လုံးအား ပြုလုပ်နေပြီး ယင်းခေါင်းလောင်းကြီးအား ရေထဲတွင် ကြိုးချည်ချထားကာ အစိုးရထံမှခွင့်ပြုချက်ရရှိပါက ယင်းခေါင်းလောင်းအတုကြီးအား ဆယ်ယူပြီးလူထုရှေ့တွင် ချပြမည်ဆိုသောသတင်းများ ထွက်ပေါ်နေကြောင်းသိရသည်။
“ကျွန်တော့်စိတ်ထဲမှာ ယနေ့အချိန်ထိ ခေါင်းလောင်းအတုလုပ်ဖို့ဆိုတာ စိတ်ကူးမရှိပါဘူး။ ခေါင်းလောင်းအစစ်ကိုပဲ ရအောင်ဆယ်ယူပြီး နိုင်ငံတော်ကို အပ်မယ်ဆိုတဲ့စိတ်ပဲရှိပါတယ်။ ခေါင်းလောင်းကိုအတုလုပ်ပြီး ရေထဲကိုကြိုးချည်ပြီးချထားလိမ့်မယ်လို့ ပြောနေတဲ့သူတွေက ခေါင်းလောင်းနဲ့ပတ်သက်ပြီး ဘယ်လောက်နားလည်ပါလဲ။ ခေါင်းလောင်းသေးသေးလေးတစ်လုံး သွားဝယ်ရင်တောင် ငွေကျပ်တစ်ထောင်ကျော်ပေးရတယ်။ အတုလုပ်မယ်ဆိုရင် ခေါင်းလောင်းကြီးက တန်ချိန်နှစ်သောင်းဆိုရင် ဘယ်လောက်ကုန်ကျမယ်ဆိုတာ သူတို့မသိလို့ပြောတာပါ။ ဒါကြောင့် ခေါင်းလောင်းအတုလုပ်မယ်ဆိုရင် ကုန်ကျမယ့်ငွေက သိန်းကို သောင်းနဲ့ချီပြီးကုန်ကျမှာပါ။ ဓမ္မစေတီခေါင်းလောင်းအစစ်ကို ဆယ်ယူမယ်ဆိုရင် သိန်းကထောင်နဲ့ချီလောက်ပဲကုန်မှာပါ။ ပြီးတော့ ခေါင်းလောင်းအတုကြီးကိုလည်း သင်္ဘောနဲ့တင်ပြီး ရေထဲသွားချရဦးမယ့် ကုန်ကျစရိတ်ကလည်းရှိမှာပါ။ ဒါကြောင့် ကျွန်တော့်အနေနဲ့ အတုလုပ်မယ့်အစား အစစ်ကိုပဲရအောင် ဆယ်ယူပြီး ပြည်သူတွေရှေ့ကိုချပြဖို့ပဲ အစီအစဉ်ရှိပါတယ်။ အတုလုပ်တယ်လို့ပြောနေတဲ့သူတွေ မကြာခင်မှာအစစ်နဲ့ သက်သေပြသွားမှာပါ”ဟု ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရန်ကြိုးပမ်းနေသည့်ဦးစံလင်းက ပြောသည်။
လက်ရှိ ရန်ကုန်မြစ်အတွင်း ဓမ္မစေတီခေါင်းလောင်းကြီးသည် တန်ချိန် ၆၀ ခန့်ရှိသော အခြား ခေါင်းလောင်းတစ်လုံးနှင့်အတူ နစ်မြုပ်လျက်ရှိနေကြောင်း၊ မိုးတွင်းကာလတွင် ရေအနက် ၂၇ ပေ၊ မြေကြီးအောက် ၂၅ ပေ၊ စုစုပေါင်း ၅၂ ပေတွင် နစ်မြုပ်လျက်ရှိကြောင်း ၄င်းက ထပ်မံပြောကြားခဲ့သည်။
Myanmar Post
Source: tomorrow.com.mm
No comments