Header Ads

  • Breaking News

    အိုးဘိုထောင်တံခါး စိတ်ခွန်အားနှင့် တွန်းဖွင့်သူ



    10-Aug-2017  

    [မန္တလေးတောင် အနောက်ဘက်၊ အိုးဘိုရပ်ကွက်ရှိ ပြစ်မှု ကျခံနေရသူများကို ထိန်းသိမ်းရာ အိုးဘိုထောင်သည် နာမည်ဆိုး သတင်းဆိုးများဖြင့် ကျော်ကြားသော နေရာ တစ်ခု ဖြစ်ခဲ့သည်။ သို့သော် ၂၀၁၇ ခုနှစ်သည် အိုးဘိုထောင်အတွက် ဂုဏ်တက်စရာ အလှည့်အပြောင်း တစ်ခု ဖြစ်လာခဲ့သည်။ အိုးဘိုထောင်၏ ပထမဆုံး ထောင်တွင်း စာစစ်ဌာနမှ အခြေခံပညာ အထက်တန်းကို ဂုဏ်ထူးများဖြင့် အောင်မြင်သူငါးဦးထိ ပေါ်ထွက်လာခဲ့ပြီး မရွှန်းလဲ့ဝေသည် ထိုငါးဦးထဲတွင် တစ်ဦးတည်းသော အမျိုးသမီး အကျဉ်းသူ ဖြစ်သည်။ အိုးဘိုထောင်မှ စတင်လာသည့် သူ၏ အနိမ့်အမြင့် အဆိုး၊ အကောင်း အလှည့်အပြောင်း ဘဝခရီးကို ဆောင်းပါးရေးသူက ပုံဖော်ထားခြင်း ဖြစ်သည်။ (အယ်ဒီတာ)]

    အသက် ၁၉ နှစ်အရွယ် ရွှေကူသူ မရွှန်းလဲ့ဝေသည် လွန်ခဲ့သော တစ်နှစ်ကျော်က မထင်မှတ်ဘဲ အိုးဘို ထောင်တွင် အကျဉ်းကျခဲ့သည်။ 

    သို့သော် သူ၏ ပြင်းပြသော စိတ်ဆန္ဒများက သူ၏ ပြစ်ဒဏ်များကို ဖယ်ရှားကာ ထောင်တံခါးကို တွန်းဖွင့်နိုင်ခဲ့သည်။ ထိုနေ့ကား သြဂုတ်လ ၇ ရက်နေ့။

    မန္တလေးမြို့ အိုးဘိုအကျဉ်းထောင် အဝင်ဝ ဘေးတစ်ဖက် တစ်ချက်တွင် အပြာရင့်ရောင်ဝတ်စုံများ ဝတ်ဆင်ထားပြီး ခြေချင်းခတ် ခံထားရသည့် လူတစ်စု ပေါင်းသင် မြက်နုတ်နေကြသည်။ 

    ထိုသူများသည် ပြစ်မှု တစ်စုံတစ်ရာဖြင့် အကျဉ်းကျ ခံနေရသူများလည်း ဖြစ်သည်။

    ထိုသူတို့နှင့် ဆန့်ကျင်ဘက်အဖြစ် အဖြူအစိမ်း ကျောင်းဝတ်စုံ ဝတ်ဆင်ထားသည့် ဆယ်ကျော်သက် အရွယ် အမျိုးသား၊ အမျိုးသမီး ငါးဦးကမူ ပြုံးရွှင်သော မျက်နှာများဖြင့် အကျဉ်း ထောင်ပေါက်ဝက ထွက်လာကြသည်။

    ထိုသူများသည် ထောင်ဒဏ်ခုနစ်လမှ ခုနစ်နှစ်အထိ ကျခံရန် ကျန်ရှိနေသေးသူများ ဖြစ်သော်လည်း  နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာသူများပင်။

    အဖြူအစိမ်း ကျောင်းဝတ်စုံဖြင့် ထွက်လာသည့် ငါးဦးမှာ သြဂုတ်လ ၇ ရက်နေ့က နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် လွတ်မြောက်ခွင့် ရခဲ့သူများ ဖြစ်သည်။ ထိုငါးဦးသည် ၂၀၁၆- ၁၇ ပညာသင်နှစ်၏ တက္ကသိုလ် ဝင်တန်း စာမေးပွဲတွင် ဂုဏ်ထူးကိုယ်စီဖြင့် အောင်မြင် ခဲ့ကြသူများလည်း ဖြစ်သည်။

    ထိုထဲတွင် အသက် ၁၉ နှစ် အရွယ်ရှိ မရွှန်းလဲ့ဝေက ပထဝီဝင်၊ သမိုင်း၊ ဘောဂဗေဒ ဘာသာရပ်များကို ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သူ ဖြစ်သည်။
    “ဒါ အိပ်မက်လားတောင် ထင်တယ်။ သမီးကို စနေကြတယ်ပဲ မှတ်နေတာ” ဟု မရွှန်းလဲ့ဝေက ဆိုသည်။

    နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် လွတ်မြောက်ခွင့် ရခြင်းကို အံ့သြဝမ်းသာ ဖြစ်နေဟန် ဖြင့် သူက ပြောဆိုနေခြင်းပင်။

    မရွှန်းလဲ့ဝေသည် ကချင်ပြည်နယ် ရွှေကူမြို့ရှိ ကျေးရွာလေး တစ်ရွာမှဖြစ်ပြီ ၂၀၁၅ ခုနှစ်အတွင်း မူးယစ်မှုဖြင့် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရာမှ ၂၀၁၆ ခုနှစ် ဇွန်လအတွင်း မန္တလေး အိုးဘို အကျဉ်းထောင်သို့ ရောက်ရှိလာခဲ့သူ ဖြစ်သည်။

    မန္တလေး အိုးဘို အကျဉ်းထောင်တွင် ၁၄ လ နေထိုင်ခဲ့ရပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဖြေဆိုခဲ့ရာ၌ ဂုဏ်ထူး သုံးခုဖြင့် အောင်မြင်ခဲ့ခြင်း ဖြစ်သည်။

    အိုးဘိုအကျဉ်းထောင်သို့ ရောက်ချိန်ကစ၍ စာကိုသာ ဦးစားပေး ကျက်မှတ်ခဲ့သောကြောင့် လူမများသည့် အဆောင်ဘက်တွင် နေထိုင်ခဲ့ရသည်ဟု ထောင်အတွင်း နေထိုင်ခဲ့ရသည့် အခြေအနေကို ပြောပြသည်။

    “ရောက်ကတည်းက စာချည်းပဲ ကျက်နေခဲ့တာ။ သမီးတို့က ထောင်ထဲမှာ အလုပ်ကြမ်း မလုပ်ရပါဘူး။ စာကျက်ဖို့ အလုပ်ပဲရှိတယ်” ဟု ဆိုသည်။

    ၂၀၁၆-၂၀၁၇ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းကို ဇွန်လအတွင်းက ထုတ်ပြန်ခဲ့ရာ စာမေးပွဲ အောင်မြင်ပြီးချိန်တွင် အိုးဘို အကျဉ်းထောင်ရှိ အကျဉ်းဦးစီး ဌာနရုံးတွင် အကူစာရေးအဖြစ် လုပ်ခွင့်ရခဲ့သည်။

    သြဂုတ်လ ၇ ရက်နေ့ နံနက် ၇ နာရီအချိန်တွင် အိုးဘို အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးက “နင်လွတ်ပြီ။ နင်လွတ်ပြီ” ဟု တုန်ရီနေသောလေသံဖြင့် ပြောချိန်တွင် မယုံခဲ့။

    “မယုံပါဘူး၊ သမီးကို နောက်နေကြတာမို့လား” ဟု မယုံသင်္ကာဖြင့် ဘေးနားက အကျဉ်းဦးစီး အရာရှိများကို အဆောတလျင် မေးမြန်းမိခဲ့ရသည် အထိ ဖြစ်ခဲ့ရသည်။

    အကျဉ်းဦးစီး အရာရှိ ကိုယ်တိုင် မိဘများထံသို့ ဖုန်းဖြင့် ဆက်သွယ် အကြောင်းကြားပေးခဲ့သောကြောင့်သာ အမှန်တကယ် လွတ်မြောက်ပြီ ဆိုခြင်းကို ယုံကြည် သွားခဲ့သည်။ မိဘများနှင့် ဖုန်းပြောခွင့်ရချိန်တွင် မျက်ရည် မဆည်နိုင် ဖြစ်ခဲ့ရသည်ဟု ရွှန်းလဲ့ဝေက ပြန်ပြောင်း ပြောပြသည်။ ဤအချိန်တွင် ကျသည့်မျက်ရည်က ပီတိမျက်ရည်ဟု ဆိုရမည်။

    ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့ရှိ ကျေးရွာလေး တစ်ရွာတွင် နေသော ရွှန်းလဲ့ဝေ၏ မိဘများ၏ လက်ငုတ် လက်ရင်းမှာ တောင်သူများ ဖြစ်သည်။ ငွေကြေး ပြည့်စုံသည့် အသိုင်းအဝိုင်းက မဟုတ်သေကြောင့် မိဘများကိုကူညီရင်း ပညာရှာဖွေခဲ့ရသူ ဖြစ်သည်။

    ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းကို ဝိဇ္ဇာဘာသာတွဲဖြင့် ဝင်ရောက်ဖြေဆိုခဲ့သော်လည်း ထိုအချိန်က အရှုံးနှင့် ရင်ဆိုင်ခဲ့ရသည်။ မိဘများအနေနှင့် စီးပွားရေး မပြေလည်သောကြောင့် ကျောင်း ၂ နှစ်နားကာ ကြုံရာအလုပ် လုပ်ကိုင်ရင်း မိဘများကို ကူညီခဲ့ရသည်။

    တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အပြင်ဖြေဖြင့် ဖြေဆိုခွင့် ရရန် ကြိုးစားမည်ဟူသော ရည်မှန်းချက်ဖြင့် ရွာနီးစပ်က ကုန်စုံဆိုင် တစ်ဆိုင်တွင် အလုပ်ဝင်လုပ်ခဲ့သည်။ 

    ကံအကြောင်း မလှစွာဖြင့် အလုပ်ဝင်ခဲ့သည့်ဆိုင်က မူးယစ်ဆေးဝါး ရောင်းချသည့်ဆိုင် ဖြစ်နေခဲ့သည်။ အလုပ်ဝင်ပြီး ငါးရက်အကြာတွင် မူးယစ်မှုဖြင့် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသည်။ ပြစ်ဒဏ်က ဆယ်နှစ်။

    ရွှေကူမြို့နယ် အချုပ်ခန်းတွင် ရှစ်လကြာ ချုပ်နှောင် ခံခဲ့ရပြီး မန္တလေး အိုးဘိုထောင်သို့ လွှဲပေးခြင်း ခံခဲ့ရသည်။ အိုးဘို ထောင်တွင် ထောင်ဒဏ် ၁၄ လ ကျခံ ခဲ့ရသောကြောင့် သူ၏ ငယ်ရွယ်ပျိုမျစ်သည့် ဘဝအချိန် အချို့ အကျဉ်းထောင်တွင် ကုန်ဆုံးခဲ့ရသည်။

    “မိဘတွေရဲ့ ဝမ်းနည်းမှုကို ဖြေသိမ့်ပေးချင်တယ်။ သမီးရဲ့ အောင်မြင်မှု ဆိုတာလေးအတွက် ကြိုးစားခဲ့တယ်” ဟု ထောင်ကျစဉ်ကာလအတွင်း သူ၏ ရည်မှန်းချက်များကို မရွှန်းလဲ့ဝေက တည်ငြိမ်စွာ ပြောဆိုသည်။

    မိဘများ အနေနှင့် ညတွင်းချင်း ရရာကားဖြင့် သူမထံသို့ အရောက်လာခဲ့ကြသည်။ သူ၏ အနာဂတ် မျှော်မှန်းချက် များအတွက် ကွန်ပျူတာ၊ ဘာသာစကား တို့ကိုလည်း သင်ကြားခွင့်ရရန် ဆန္ဒရှိနေသည်။

    သူ၏ ဘဝရည်မှန်းချက်ကား တက္ကသိုလ ကျောင်းဆရာမ တစ်ဦး ဖြစ်ရေးပင်။ ကျောင်းသား၊ ကျောင်းသူများကို ပညာသင်ကြားပေးပြီး မြေတောင်မြှောက် ပျိုးထောင် ပေးလိုသည့် ဆန္ဒ။ မိတ္ထီလာမြို့ရှိ စီးပွားရေး တက္ကသိုလ်တွင် ပညာသင်ခွင့်ရရန် ရည်ရွယ်ထားသည်။

    သူ၏ ဘဝရည်မှန်းချက်များ ပြည့်စုံရန် လက်တစ်ကမ်းတွင် ရှိနေသည်။

    မန္တလေးမြို့ရှိ အိုးဘိုထောင် စာစစ်ဌာနကို ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် ပထမဆုံးအကြိမ် ဖွင့်လှစ်ခဲ့ရာတွင် ဖြေဆိုသူ ၁၁ ဦးအနက် ငါးဦးသည် ဂုဏ်ထူးများဖြင့် အောင်မြင်ခဲ့ပြီး နှစ်ဦးက သာမန် အဆင့်ဖြင့် အောင်မြင်ခဲ့ကြသည်။

    အဆိုပါ အကျဉ်းထောင်မှ တက္ကသိုလ်ဝင်တန်း အောင်မြင်သူ များကို ပညာရေးဆုံးခန်းတိုင် (ဘွဲ့ရ) သည် အထိ ထောက်ပံ့ပေးသွားမည်ဟု မန္တလေးတိုင်း အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းကျော်ဇောက ပြောကြားထားသည်။

    စာမေးပွဲ အောင်မြင်သူများကို အရပ်ဘက် အဖွဲ့အစည်း များနှင့် ဌာနဆိုင်ရာများ၏ ချီးမြှင့်ငွေများ တစ်ပါတည်း ပေးလိုက်သည်ဟု မန္တလေး ဗဟို အကျဉ်းထောင် (အိုးဘိုထောင်) ဒုတိယ ညွှန်ကြားရေးမှူး ဦးချိုဝင်းထွန်းက ဆိုသည်။

    “ဒီလိုလွှတ်ပေးလိုက်ခြင်းအားဖြင့် ဒီထဲမှာ ကျန်ခဲ့တဲ့ ကလေးတွေ အတွက်လည်း ပိုပြီးတော့ ကြိုးစားချင် စိတ်တွေ ဖြစ်လာမယ် ထင်ပါတယ်” ဟု ၎င်းက မှတ်ချက်ပြုသည်။

    ရွှန်းလဲ့ဝေကြောင့် အကျဉ်းသား အကျဉ်းသူများ၏ ယုံကြည်ချက် ပိုမိုခိုင်မာလာစေခဲ့သည်။ “အစ်မလိုပဲ အောင်မြင်မှုတွေရအောင် ကြိုးစားမယ်။ သမီးတို့ အပြင်ရောက်ရင်လည်း ဆက်သွယ်နော်” ဟု နှုတ်ဆက် စကား ဆိုသည်။

    မန္တလေးမြို့တော်သို့ နယ်အဝေးမှ လာရောက်ကာ ပညာရှာနေသူ များစွာရှိသည်။ ထောင်အတွင်းမှနေ၍ ဂုဏ်ထူးများဖြင့် အောင်မြင်ခဲ့သည့်သတင်းက ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဖြေဆိုရန် ကြိုးစား နေသည့် ကျောင်းသားများအတွက် အင်အားတစ်ရပ် ဖြစ်စေခဲ့သည်။

    “ဒီသတင်းတွေ့တော့ ဘယ်လိုများ ကြိုးစားခဲ့သလဲဆိုပြီး စိတ်အားတက်ကြွရတယ်။ အချိန်ရရဲ့သားနဲ့ မကြိုးစားခဲ့မိတာကို နောင်တရတယ်” ဟု ကချင်ပြည်နယ် ဗန်းမော်ခရိုင် အထက်ပိုင်း၊ မြစေတီ ကျေးရွာမှနေ၍ မန္တလေးမြို့တွင် နေထိုင်သော အဒေါ်အိမ်တွင် နေထိုင်ကာ အလုပ်တစ်ဖက်ဖြင့် ကျောင်းတက်နေရသူ မညိုမြက ပြောဆိုသည်။

    ထောင်ပိုင်နှင့် အကျဉ်းဦးစီးဌာန တာဝန်ရှိသူများက သမ္မတ၏ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် လွတ်မြောက်ခဲ့သော ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများကို ထောင်မှ မထွက်ခွာမီ စကားတစ်ခွန်း လက်ဆောင် ပါးလိုက်သည်။

    လွတ်ငြိမ်းချမ်းသာခွင့် ရသွားပြီး ပြင်ပလောကတွင် ကောင်းရောင်း ကောင်းဝယ် လုပ်ကိုင်စားသောက်ကြရန် ဖြစ်သည်။

    ပြစ်မှု တစ်စုံတစ်ရာကြောင့် ထပ်မံ ထောင်ကျမည်ဆိုက ရှိထားပြီးသော ပြစ်မှုနှင့်ပေါင်းကာ ပြစ်ဒဏ် ပိုမို ကျခံရမည် ဟူ၍ ဖြစ်သည်။

    အိုးဘိုဗဟိုအကျဉ်းထောင်ရှေ့ ပေါင်းသင် မြက်နုတ်နေသော ခြေချင်းခတ် အပြာရင့်ဝမ်းဆက်နှင့် အမျိုးသားများ ထောင်တွင်းသို့ ဝင်သွားကြပြီ။ အဖြူ၊ အစိမ်းဝတ်စုံ ဝတ်ဆင်ထားသူ ငါးဦးသည်လည်း အိုးဘို အကျဉ်းထောင်ကို ကျောခိုင်းကာ ထောင်ဘူးဝမှ ထွက်ခွာလာကြသည်။

    “နိုင်ငံတော်အကြီးအကဲနဲ့ သမီးမိဘတွေကို ဘုရားရှိခိုးတိုင်း မေတ္တာပို့ပါတယ်။ မေတ္တာရောင်ပြန်ဟပ်တာလို့ ခံစားရတယ်” ဟု လက်အုပ်ချီထားသည့် ရွှန်းလဲ့ဝေက ပြောသည်။

    မရွှန်းလဲ့ဝေ၏ ပြုံးရောင်သန်းနေသည့် မျက်ဝန်းများက ၀မ်းနည်းသည့် အရိပ်အရောင် ပြောင်းသွားပြီး “တကယ်ဆို သမီးပျော်ရမှာ။ ဝမ်းလည်းနည်းတယ်။ စာသင်ပေးခံရတဲ့ ကျောင်းသား၊ ကျောင်းသူတွေကတော့ လွတ်သွားတယ်။ စာသင်ပေးတဲ့ ဆရာမတွေကတော့ မလွတ်သေးဘူး။ သူတို့က နှစ်ရှည်ကျတာတွေ” ဟု ပြောဆိုလိုက်သည်။           

    Myanmar Post

    Source: The Voice

    No comments

    Post Top Ad

    Post Bottom Ad