Header Ads

  • Breaking News

    နျူကလီးယားကင်းစင်သော ကမ္ဘာကြီး ဖြစ်စေလိုသည်ဟု ထရမ့်ပြော


    ဝါရှင်တန်   သြဂုတ်  ၁၁

     မြောက်ကိုရီးယား၏ ရန်စမှုများနှင့် ပတ်သက်၍ ပြင်းပြင်းထန်ထန်တုံ့ပြန်သွားမည် ဟုပြောထားသော်လည်း ယနေ့ ကမ္ဘာကြီးကို  နျူကလီးယား ကင်းစင်သောကမ္ဘာဖြစ်စေလို ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သြဂုတ် ၁ဝ ရက်တွင် သတင်းထောက် များအား ပြောသည်။ ကမ္ဘာကြီးကို နျူကလီးယား ကင်းစင်စေလို သော်လည်း အမေရိကန် ပြည်ထောင်စုသည် အချိန်ကာလ တစ်ခုအထိ ကမ္ဘာပေါ်တွင် နျူ ကလီးယား အင်အားကြီးနိုင်ငံအဖြစ် ရပ်တည် သွားမည်ဖြစ်ကြောင်း ထရမ့်က ပြောသည်။ 

    ထို့ပြင် မြောက်ကိုရီးယားနှင့် အခြားတိုင်း ပြည်များ၏ ခြိမ်းခြောက်မှုများ ရှိနေသည့် အတွက် ဒုံးကျည် ကာကွယ်ရေး နည်းပညာ ထွန်းကားရေးကို အားပေးကာ ငွေကြေးပိုမို စိုက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း ထရမ့် က နယူးဂျာစီပြည်နယ်ရှိ ၄င်း၏အပန်းဖြေ စခန်း၌ ပြုလုပ်သော လုံခြုံရေး အစည်းအဝေး အပြီးတွင် သတင်းထောက်များအား ပြောခြင်း ဖြစ်သည်။ မြောက်ကိုရီးယားနိုင်ငံသည် တိုက်ချင်း ပစ်ပဲ့ထိန်းဒုံးကျည်များကို တိုးတက်ထုတ်လုပ် လျက်ရှိပြီး ယခုလ အတွင်းမှာပင် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် နှစ်စင်းကို စမ်းသပ်မှုများ လုပ်ဆောင်ခဲ့သည်။ 

    ထို့ပြင် ယင်းနိုင်ငံသည် ၄င်းတို့၏ ဒုံးကျည်များတွင် တပ်ဆင်ပစ်ခတ် နိုင်သည့် အသေးစား နျူကလီးယားလက်နက် များကိုလည်း ထုတ်လုပ်နိုင်ပြီဖြစ်သည်ဟု  သတင်းဌာနများက ယခု ရက်သတ္တပတ်တွင် ဖော်ပြထားသည်။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ က မြောက်ကိုရီးယား အပေါ် အရေးယူ ပိတ်ဆို့မှု အသစ်များ ချမှတ်ပြီးနောက် အမေရိကန်ပိုင် ဂူအမ်ကျွန်းကို တိုက်ခိုက်မှုများ ပြုလုပ်ရန် ပြင်ဆင်ထား ပြီးဖြစ်ကြောင်း မြောက်ကိုရီးယား အစိုးရက ခြိမ်းခြောက်ထားသည်။ 

    သို့သော် အကယ်၍  မြောက်ကိုရီးယား အနေဖြင့် ရန်စခြိမ်းခြောက်မှုများကို ဆက်လုပ် နေမည်ဆိုပါက တစ်ကြိမ်တစ်ခါမျှ မတွေ့မမြင်ဘူးသော   အမျက်ထွက် လက်တုံ့ပြန်မှုနှင့် ရင်ဆိုင်ရမည်ဟု ထရမ့်က ပြောထားသည်။ အမေရိကန်ပြည်ထောင်စုတွင် နျူကလီးယားထိပ်ဖူး ၆၈ဝဝ ခန့်ရှိကြောင်း၊ ၄ဝဝဝ ခန့်ကို စုပုံထားကာ ၁၈ဝဝ ခန့်ကိုဖြန့်ကြက် ထားကြောင်း အမေရိကန် သိပ္ပံပညာရှင်များ အဖွဲ့ချုပ်မှ ထုတ်ပြန်သော အချက်အလက်များ အရသိရသည်။

    Source: မြဝတီ

    No comments

    Post Top Ad

    Post Bottom Ad